နှစ်ထပ်မြင်နေတာ စိုးရိမ်စရာလား
ပြောဆိုလုပ်ကိုင်တဲ့အခါမှာ နှစ်ထပ်ရှိမှ မှတ်မိတယ်လို့ ဆိုလေ့ရှိကြပေမယ့် ကြည့်လိုက်တိုင်းမှာ နှစ်ထပ်မြင်နေရင်တော့ ကောင်းတဲ့အရာ မဟုတ်နိုင်ပါဘူးနော်။
နှစ်ထပ်မြင်နေတာဟာ စိုးရိမ်စရာလား?
စိုးရိမ်စရာမရှိတဲ့ အခြေအနေတွေရှိသလို စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေလည်း ရှိတတ်တာမို့ မပေါ့ဆသင့်ပါဘူး။
ဘာကြောင့် နှစ်ထပ်မြင်ရတာလဲ?
နှစ်ထပ်မြင်နေရတဲ့ အကြောင်းရင်း များစွာ ရှိပါတယ်။ နှစ်ထပ်မြင်နေတာဟာ မျက်စိနှစ်ဖက်လုံးမှာ ဖြစ်နိုင်သလို တစ်ဖက်တည်းလည်း ဖြစ်နိုင်ပါတယ်။
Monocular Diplopia
မျက်စိတစ်ဖက်တည်းက နှစ်ထပ်မြင်နေတာကို Monocular Diplopia လို့ခေါ်ပြီး မျက်ကြည်လွှာ (Cornea) နဲ့ မှန်ဘီလူး (Lens) ချို့ယွင်းမှုကြောင့် အဖြစ်များပါတယ်။
မျက်ကြည်လွှာက ခြောက်သွေ့နေတဲ့အခါ၊ ကတော့ပုံ ဖြစ်လာတဲ့အခါ၊ အမာရွတ်တွေ ဖြစ်လာတဲ့အခါနဲ့ ရေယုန်ရောဂါပိုး ဝင်ရောက်ခံရတဲ့အခါ ထိုမျက်စိက နှစ်ထပ်မြင်နေတတ်ပါတယ်။
အတွင်းတိမ်ကြောင့် မှန်ဘီလူးမှာ တိမ်လိုအကွက်တွေ ဖြစ်လာရင် အမြင်ဝါးလာသလို နှစ်ထပ်လည်း မြင်နိုင်ပါတယ်။
Binocular Diplopia
မျက်စိနှစ်ဖက်လုံးမှာ နှစ်ထပ်မြင်နေတာကိုတော့ Binocular Diplopia လို့ခေါ်ပါတယ်။
- မျက်စိကို ထိန်းချုပ်ပေးတဲ့ ကြွက်သားတွေ အားနည်းစေတဲ့ Myasthenia Gravis နဲ့ Graves' Disease လိုရောဂါတွေ
- မျက်စိအာရုံကြောကို ထိခိုက်စေတဲ့ ရောဂါတွေ ဖြစ်တဲ့ Multiple Sclerosis, Guillain-Barre Syndrome နဲ့ ဆီးချိုရောဂါတွေ
- ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တာ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်ဖြစ်တာ၊ ဦးနှောက်အတွင်းဖိအားများတာ (ထိခိုက်တာ၊ ရောဂါပိုးဝင်တာ၊ ဦးနှောက်သွေးယိုတာတွေကြောင့် ဖြစ်နိုင်ပါတယ်) ၊ ခေါင်းတစ်ခြမ်းကိုက်တာ စတဲ့ ဦးနှောက်နဲ့ ဆိုင်တဲ့ရောဂါတွေကြောင့် မျက်စိနှစ်ဖက်လုံးမှာ နှစ်ထပ်မြင်နေရနိုင်ပါတယ်။
နှစ်ထပ်မြင်နေတဲ့အခါ…
- မျက်စိကို ရွေ့လျားတဲ့အခါ နာကျင်တာ
- မျက်စိ၊ မျက်ခုံးနဲ့ နားထင်တဝိုက် ကိုက်တာ
- ခေါင်းကိုက်တာ
- ပျို့အန်တာ
- မျက်ခွံတွေ တွဲကျနေတာ စသဖြင့် ရောဂါအခံပေါ် မူတည်ပြီး ဖြစ်နိုင်ပါတယ်။
ဘယ်လိုကုသမလဲ?
အကြောင်းရင်းကို ရှာပြီး ကုသနိုင်ဖို့ အရေးအကြီးဆုံးပါ။ ဥပမာ…အတွင်းတိမ်ကြောင့်၊ ဦးနှောက်အကျိတ်ကြောင့်ဆိုရင် ခွဲစိတ်ကုသတာ၊ myasthenia gravis ကြောင့် ဆိုရင် ဆေးကုသမှုခံယူတာ၊ ဆီးချိုကြောင့်ဆိုရင် ဆီးချိုဆေးထိုးတာသောက်တာ စသဖြင့် ရောဂါအလိုက်ကုသမှု ခံယူတဲ့အခါ နှစ်ထပ်မြင်တာလည်း သက်သာနိုင်ပါတယ်။
နှစ်ထပ်မြင်နေတာဟာ စိုးရိမ်ရတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်တာမို့ ဖြစ်လာရင် ပေါ့ဆမနေဘဲ ဆရာဝန်နဲ့ ပြသပြီး ဘာကြောင့်ဖြစ်တာလဲဆိုတာ အဖြေရှာဖို့ မမေ့ပါနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်